International News

Moscow Export Center မှ မိတ်ဖက်နိုင်ငံ (၃) နိုင်ငံသို့ စီးပွားရေးနယ်မြေ ချဲ့ထွင်ရေးအစီအစဉ်အသစ်တွင် ထိုင်းပါဝင်

Last Updated:

မော်စကိုစီးပွားရေးအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များသည် ချစ်ကြည်ရင်းနှီးသောနိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ဆောင်လျက်ရှိပါကြောင်း၊ ယခုနှစ်အတွင်း Moscow Export Center (MEC) မှ မိတ်ဖက်နိုင်ငံ (၃) နိုင်ငံထပ်တိုး၍ စီးပွားရေးလုပ်ငန်းချဲ့ထွင်ဆောင်ရွက်သွားမည့်အစီအစဉ် ဆောင်ရွက်နေပါကြောင်း မြို့တော်၏စွန့်ဦးတီထွင်မှုနှင့် ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မော်စကိုစီးပွားရေးအသိုင်းအဝိုင်းမှ သံတမန်များသည် မိတ်ဖက်နိုင်ငံများရှိ လုပ်ငန်းရှင်များ၏ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများအပေါ် မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ ပထမဦးစွာ စီးပွားရေးကိုယ်စားလှယ်များသည် အိန္ဒိယ၊ အီဂျစ်နှင့် ထိုင်းနိုင်ငံတို့တွင် စတင်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင်လည်း Moscow Export Center အနေဖြင့် ထပ်တိုး (၃) နိုင်ငံအား ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မော်စကို၏ ဒုတိယမြို့တော်ဝန်ဖြစ်သူ Mrs. Natalya Sergunina မှ မြို့တော်၏ စီးပွားရေးအသိုင်းအဝိုင်းမှ သံတမန်များအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် သင့်လျော်သည့် လက်တွဲဆောင်ရွက်မည့်သူရှာဖွေနိုင်ရေး၊ ကုန်ပစ္စည်းဖြန့်ဖြူးသူများနှင့်အတူတကွ လက်တွဲဆောင်ရွက်နိုင်ရေးနှင့် စျေးကွက်အတွင်း လက်လီလက္ကားရောင်းချနိုင်ရေး စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ကူညီသွားရန် အထူးမှာကြားခဲ့သည်။ ထို့အပြင် မော်စကိုမြို့သည် အရည်အသွေးမြင့်ထုတ်ကုန်များနှင့် နည်းပညာများ ထုတ်လုပ်ဖြန့်ဖြူးပေးသည့်မြို့တစ်မြို့အဖြစ် ပုံရိပ်ထင်ကျန်နေစေရေး ဆောင်ရွက်ကြရန် အလေးပေးပြောကြားခဲ့သည်။

စီးပွားရေးအသိုင်းအဝိုင်းမှ သံတမန်များအနေဖြင့် ကုန်ပစ္စည်းဝယ်ယူသူနှင့်မိတ်ဖက်ဆောင်ရွက်သူ တို့အကြား လိုအပ်သည့်မျက်နှာစုံညီညှိနှိုင်းဆောင်ရွက်မှုများ၊ နိုင်ငံအတွင်းရှိကုမ္ပဏီများတွင် ကိုယ်စားလှယ်ထားရှိပေးမှုများ စသည့်နှစ်ဦးနှစ်ဘက်အကျိုးအမြတ်ရရှိစေရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ကိုယ်စားလှယ်များနှင့်ကုန်ပစ္စည်းထုတ်လုပ်သူများအကြား သက်ဆိုင်ရာနယ်မြေဒေသတစ်ခုခြင်းစီအလိုက် ကုန်ပစ္စည်းဝယ်လိုအားကို ရှာဖွေဖော်ဆောင်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါအစီအစဉ်အသစ်အား ဖော်ဆောင်ပြီးနောက် နိုင်ငံတကာစျေးကွက်သို့ လွယ်ကူစွာဝင်ရောက်နိုင်မည်ဖြစ်ပါသည်။

ထို့အပြင် မော်စကိုအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရေးပိုမိုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပြီး မိတ်ဖက်နိုင်ငံများအပေါ်လည်း လိုအပ်သည့်ထောက်ပံ့မှုများ လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ Moscow Export Center (MEC) သည် ပြည်ပသို့ ကုန်ပစ္စည်းဖြန့်ဖြူးသူများ အကျိုးအမြတ်ဖြစ်ထွန်းစေမည့် နိုင်ငံခြားစျေးကွက်မြှင့်တင်ရေးနိုင်ငံတကာပြပွဲများ ကျင်းပပေးခြင်းအပါအဝင် ဝန်ဆောင်မှုအမျိုးပေါင်း (၃၀) ကျော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဒုတိယမြို့တော်ဝန်မှ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မြို့တော်၏ကုမ္ပဏီများသည် တစ်နှစ်တာအတွင်း လက်တင်အမေရိက၊ အာဖရိက၊ အာရှ၊ CIS နိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသများရှိ နိုင်ငံပေါင်း (၂၆) နိုင်ငံမှ မိတ်ဖက်ကုမ္ပဏီများနှင့် ခိုင်မြဲစွာလက်တွဲဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကုမ္ပဏီ အသစ်များနှင့် စာချုပ်အသစ်များချုပ်ဆို၍ လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

Source : https://tass.ru/ekonomika/18203505

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

 

 

Category: International News